ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများအတွက် ဗီဇာသက်တမ်းတိုးခနှင့် ဗီဇာအမျိုးအစား ပြောင်းလဲခ တိုးမြှင့်ကောက်ခံမှု ယနေ့ စတင်အကျုံးဝင်
တိုကျို၊ အောက်တိုဘာ ၁ (WYT News)
ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် ဒုက္ခသည်စိစစ်အသိအမှတ်ပြုရေး အက်ဥပဒေ ပြင်ဆင်ချက်အရ နိုင်ငံခြားသားများ ပေးဆောင်ရသည့် ဗီဇာသက်တမ်းတိုးခ၊ ဗီဇာအမျိုးအစား ပြောင်းလဲခနှင့် အမြဲတမ်းနေထိုင်ခွင့် (PR) လျှောက်ထားခဆိုင်ရာ အခကြေးငွေများကို ယနေ့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် (ရဲဝ ၈ ခုနှစ်) မှစတင်ကာ တိုးမြှင့်သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်လိုက်သည်။
ယခု အသစ်ပြဋ္ဌာန်းလိုက်သည့် စည်းမျဉ်းအရ ဗီဇာအမျိုးအစား ပြောင်းလဲခြင်းနှင့် ဗီဇာသက်တမ်းတိုးခြင်းများအတွက် ပေးဆောင်ရမည့် အခကြေးငွေပမာဏကို ရရှိသည့် နေထိုင်ခွင့်ကာလ (ဗီဇာသက်တမ်းအပိုင်းအခြား) အပေါ် မူတည်၍ နှုန်းထားခွဲခြား သတ်မှတ်ကောက်ခံသွားမည်ဖြစ်သည်။
အဆိုပါ တိုးမြှင့်လိုက်သော နှုန်းထားအသစ်သည် ယနေ့ အောက်တိုဘာ ၁ ရက်နှင့် နောက်ပိုင်းမှစတင်၍ လူဝင်မှုကြီးကြပ်ရေးရုံးသို့ လျှောက်လွှာတင်သွင်းသူများနှင့်သာ အကျုံးဝင်မည်ဖြစ်သည်။ စက်တင်ဘာ ၃၀ ရက်နေ့မတိုင်မီကတည်းက တင်သွင်းထားပြီးဖြစ်သည့် လျှောက်လွှာများမှာမူ ခွင့်ပြုချက်ရလဒ်သည် ယနေ့ အောက်တိုဘာ ၁ ရက်နောက်ပိုင်းမှ ထွက်ပေါ်လာစေကာမူ ယခင်သတ်မှတ်ထားသည့် နှုန်းထားဟောင်းအတိုင်းသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ရှင်းလင်းထားသည်။
ထို့အပြင် စီးပွားရေးအရ အခက်အခဲရှိသူများနှင့် အထူးအကြောင်းကိစ္စရှိသူများအတွက် အခကြေးငွေ လျှော့ပေါ့ပေးခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပြုခြင်းဆိုင်ရာ လမ်းညွှန်ချက် (Guidelines) များကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားသည်။ ဝင်ငွေနည်းပါးခြင်း စသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနေဖြင့် အခကြေးငွေ လျှော့ပေါ့ခံစားခွင့် လျှောက်ထားနိုင်မည်ဖြစ်သဖြင့် သက်ဆိုင်ရာ အသေးစိတ်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးဌာန၏ တရားဝင်လမ်းညွှန်ချက်များတွင် စစ်ဆေးကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။